သင့် နေအိမ်ကို သန့်ရှင်းရေးလုပ်ပေးမယ့် နေအိမ်သုံး စက်ရုပ်
Aeolus Robot က ဖန်တီးထားတဲ့ Rosie အမည်ရ စက်ရုပ်ဟာ နေအိမ်သုံးစက်ရုပ်ဖြစ်ပါတယ်။ သူဟာ ကြမ်းတိုက်ခြင်း၊ ပရိဘောဂများကို နေရာပြောင်းခြင်းနဲ့ ရေခဲသေတ္တာထဲကနေ သင့်အတွက် ဘီယာအေးအေးလေးတစ်ခွက်ကို ယူဆောင်ပေးခြင်းများကို ပြုလုပ်နိုင်ပါတယ်။
သူ့ကို မကြာခင်က ကျင်းပပြီးစီးခဲ့တဲ့ Consumer Electronics Show(CES) ပွဲမှာ ပြသခဲ့ပါတယ်။ Aeolus Robotics မှ ဖန်တီးသူ Alexander Huang က “ ကျွန်တော်တို့ရဲ့ စက်ရုပ်ဟာ ဘေးပတ်ဝန်းကျင်ကို လေ့လာသင်ယူနိုင်ပြီး အိမ်သားများကို ကူညီပေးနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှသူက အိမ်သားများကို ပိုမို အထောက်အကူပြုလာနိုင်ပါတယ်။ အခုတော့ သူဟာ ကလေးတစ်ယောက်လိုသာ စွမ်းဆောင်နိုင်ပါသေးတယ်။ ကျွန်တော်တို့ သူ့ကို လူကြီးတစ်ယောက်လို စွမ်းဆောင်နိုင်အောင် ဖန်တီးမှာ ဖြစ်ပါတယ်။ သူ့ကို လူတွေ ပိုမို အသုံးပြုလေလေ၊ သူက ပိုမို စွမ်းဆောင်ရည် မြင့်မားလေလေ ဖြစ်ပါတယ်။ “ လို့ ရှင်းပြပါတယ်။
စက်ရုပ်ဟာ အရာဝတ္ထုများစွာကို သိနားလည်ပြီး သူတို့ကို သင့်တော်တဲ့ နေရာကို ပြောင်းရွှေ့ နိုင်ပါတယ်။ ကလေးများရဲ့ အရုပ်များကိုလည်း နေရာတကျပြန်လည်သိမ်းဆည်းပေးနိုင်ပါတယ်။ စက်ရုပ်ရဲ့ လက်များဟာ အရာဝတ္ထုများကို ကိုင်တွယ်ရာမှာ အလွန် တိကျပါတယ်။ စက်ရုပ်ဟာ Google Home, Amazon Alexa တို့လို အင်တာနက် ချိတ်ဆက်နိုင်တဲ့ စမတ်နေအိမ်ကိရိယာများနဲ့လည်း တွဲဖက် အလုပ်လုပ်နိုင်ပါတယ်။
စက်ရုပ်က ပျောက်ဆုံးနေတဲ့ ပစ္စည်းများကိုတောင် ရှာဖွေပေးနိုင်ပါတယ်။ စက်ရုပ်ဟာ သက်ကြီးရွယ်အိုများကိုတောင် စောင့်ရှောက်ပေးနိုင်ပါတယ်။ လူကြီးများ ချော်လဲသွားခြင်း၊ ကျန်းမာရေး ဖောက်ပြန်ခြင်းများကိုလည်း သူက သိရှိပြီး အကူအညီများခေါ်ပေးနိုင်ပါတယ်။ သူဟာ အသက် ၁၂ နှစ်သားအရွယ်ကလေးငယ်ရဲ့ အရွယ်အစားနဲ့ အလေးချိန်လောက် ရှိပါတယ်။ ယခုနှစ်နှောင်းပိုင်းမှာ ရောင်းချမှာ ဖြစ်ပါတယ်။
Ref : digitaltrends

Post a Comment